ဖားကန့်ကျောက်စိမ်းခွန် ကေအိုင်အို ပြန်ကောက်
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ၁၉၉၄ ခုနှစ် နအဖနှင့်အပစ်ရပ် လက်မှတ်ထိုးပြီးချိန်မှစ၍ ဖားကန့် ဒေသ ကျောက် စိမ်းတွင်းများတွင် အခွန်ကောက်ခြင်း ရပ်နားထားရာမှ ယခုအပတ်မှစ၍ ဖားကန့်ဒေသတွင် အခွန်ပြန်လည် ကောက်ယူမည်ဟု သိရသည်။
ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖေါ်သည့် ကုမ္ပဏီများ အခွန်ဆောင်ရန် အမိန့်စာကို ကေအိုင်အိုက ယခု အပတ် အတွင်း ထုတ်ပြန်ခဲ့ကြောင်း ကေအိုင်အိုသတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကျောက်စိမ်းကုမ္ပဏီတွေဆီက အခွန်ပြန်ကောက်တာပေါ့ ကုမ္ပဏီတွေကို အခွန်ဆောင်ဖို့ အမိန့်ထုတ်တာပေါ့ ဒီတစ်ပတ် လောက်ကစတယ် တချို့ကုမ္ပဏီတွေတော့ထည့်ပြီးပြီလို့ သိရတယ် ” - ဟု ကေအိုင်အိုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ - ဘီဘီစီ)
ယခင် ကေအိုင်အိုက စစ်အောင်နိုင်ရေးစရိတ်အဖြစ် ကျောက်စိမ်းလုပ်ကွက် ၊ ကျောက်တန်ဖိုး ၊ ကျောက်စိမ်းမှော် ၀င်ခ ၊ ဂိတ်ဖြတ်သန်းခများကို ကောက်ခံခဲ့ကြောင်း သိရသည်။
ယခု ဖားကန့်ဒေသအတွင်း အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိရန် ကေအိုင်အို ဗဟို ကော်မတီဝင်များထံ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။
နယ်ခြားစောင့်တပ် လက်မခံသည့် ကေအိုင်အိုနှင့် နအဖတို့ အကြားနှစ်ဘက်ဆက်ဆံရေး တင်းမာနေရာ နအဖက ကေ အိုင်အို၏ စီးပွားရေးကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း လေ့လာသူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၅ ရက် နေ့ကစ၍ တရုတ်နယ်စပ်အနီးရှိ ကေအိုင်အိုဌာနချုပ် လိုင်ဇာသို့ ကုန်အ၀င်အထွက်ကို နအဖဘက်က ပိတ်ပင်လိုက်သဖြင့် ကေအိုင်အိုဘက်မှ အခွန်ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးနေသည်ဟု သိရသည်။
2010-12-15
Labels:
သတင်း
0 comments:
Post a Comment