2010-07-07

news

အင်းစိန်ထောင်အတွင်း ရဟန်းပျိုတပါး ကျန်းမာရေး ဆိုးရွားနေ

ဝီရ   /   ၀၅ ဇူလိုင် ၂၀၁၀


၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသူ မွန်ရဟန်းပျို အရှင်ဥက္ကံသ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း ၎င်း၏ညီမဖြစ်သူက ပြောသည်။

"ဦးဇင်းက အစာအိမ်ရောဂါ အခံရှိတယ်။ အခု သွေးပေါင်ကျနေတယ်။ ရိုက်ခံရတဲ့ဒဏ်ရာကြောင့် ခါးနာနေတယ်။ ကြာကြာထိုင်လို့လည်း မရဘူးလို့ပြောတယ်။ အဖျားလည်း တက်နေတယ်။ ဦးဇင်းကို ဆေးကုဖို့ လိုနေပါတယ်" ဟု ညီမဖြစ်သူက ခေတ်ပြိုင်သို့ ပြောကြားသည်။

အဖမ်းခံရစဉ်က အိတ်ဆောင်ကွန်ပျူတာ၊ ဗီဒီယိုကင်မရာအပြင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများကို လက်ဝယ်တွေ့ရှိခဲ့သဖြင့် စစ်ကျောရေးစခန်းများ၌ အာဏာပိုင်တို့၏ နှိပ်စက်ခြင်းခံခဲ့ရကြောင်း သိရသည်။

ယခုအခါ အရှင်ဥက္ကံသသည် အင်းစိန်ထောင် တိုက် (၂)၊ အခန်း (၁) တွင် ချုပ်နှောင်ခံနေရပြီး ပြင်ပ၌ ဆေးကုသမှုခံယူရန် လိုအပ်နေ၍ ခွင့်ပြုချက် စောင့်ဆိုင်းနေကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

အရှင် ဥက္ကံသတွင် ရောဂါသည်ဖခင်နှင့် အသက် (၂၀) အရွယ် နှမတဦးသာ ရှိသောကြောင့် ၎င်းအား ထောင်ဝင်စာတွေ့နိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

အရှင် ဥက္ကံသအား အီလက်ထရောနစ်ဥပဒေ အပါအဝင် ဥပဒေ ပုဒ်မ (၃) မှုတို့ဖြင့် အာဏာပိုင်တို့က စွဲချက်တင်ပြီး ၎င်း၏ အမှုကို မိသားစုဝင်များက ကြားနားခွင့်မရှိကြောင်း သိရသည်။

ဒေါ်ခင်ဌေးကြွယ်က "မေလ (၁၄) ရက်နေ့ကတည်းက ဦးဇင်းရဲ့အမှုကို စစစ်တာ။ ဒီနေ့ပါဆိုရင် (၇) ကြိမ်ရှိပြီပေါ့။ ဦးဇင်းကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က)/၃၈ ရယ်၊ ပုံနှိပ်ဥပဒေ ပုဒ်မ ၁၇/၂ နဲ့ ဆူပူလှုံ့ဆော်မှု ၅၀၅ (ခ) တို့နဲ့ စွဲချက်တင်ထားတယ်" ဟု ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

သက်တော် (၂၈) နှစ်ရှိ အရှင်ဥက္ကံသ ခေါ် ဦးဇင်းဇော်လတ်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ် လမ်းမတနေရာ၌ ၂၀၁၀ ခုနှစ် ဇန်နဝါရီ (၇) ရက်၌ သက်ဆိုင်ရာ အာဏာပိုင်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် မုဒွန်းရွာဇာတိ အရှင် ဥက္ကံသသည် မုဒုံမြို့နယ် နိုင်လှုံရွာရှိ အောင်ဇေယျ ပရိယတ္တိ စာသင်တိုက်တွင် လက်ထောက် စာချဆရာတော်အဖြစ် သီတင်းသုံးနေပြီး ၂၀၁၀ နှစ်သစ်ကူးည၌ မော်လမြိုင် - ရေး ကားလမ်းမကြီးတလျှောက် ပေါ်ပေါက်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည်ဟု သံသယဖြင့် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးဇင်းအပေါ် စွဲချက်တင်မှုများနှင့်ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ရကြောင်း အရှင် ဥက္ကံသနှင့် ဆက်စပ်၍ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ မင်းမွန်ကျိုက်စွဲက ပြောဆိုသည်။

0 comments: